ဘိုကလေးမြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ

ဘိုကလေး ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့နံနက်()နာရီ၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သည် တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရန် အဖက်ဖက်မှ ကြိုးစားအားထုတ်လျက်ရှိရာမှ မိမိတို့ရည် မှန်းချက်ရောက်ရှိအောင် စနစ်တကျစီမံ ဆောင်ရွက်ရန်အတွက် မဟာဗျူဟာစီမံကိန်း ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၁၅)ခုနှစ်မှ (၂၀၁၇)ခုနှစ်အထိ သုံးနှစ်တာ မဟာဗျူဟာ စီမံကိန်းကို နှစ်အလိုက် လုပ်ငန်းစဉ်များ သတ်မှတ်ပြီး တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာမှ အတွေ့အကြုံပေါ် အခြေခံပြီး ပြည်သူလူထုလိုအပ်ချက်ကို ဖြည့်ဆည်းရန်(၂၀၁၈)ခုနှစ်မှ (၂၀၂၂)ခုနှစ်ထိ ငါးနှစ်မဟာဗျူဟာစီမံကိန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းစီမံကိန်းတွင် နိုင်ငံတစ်ဝန်းတရားရုံးများမှ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပါဝင်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မှုခင်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် အသုံးပြုမည့်ပုံစံများကို မြို့နယ်တရားသူကြီး ဒေါ်ဝင်းအိအိထွေးမှ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ရာ ဖျာပုံခရိုင်၊ ဒုတိယတရားသူကြီး ဦးဝင်းထွဋ်အောင်မှ ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုးစက်