ဘိုကလေးမြို့နယ်တွင် သဘာဝ‌‌ဘေးအန္တရာယ် ဖြစ်ပွားမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ဘိုကလေး ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယမန်နေ့ညနေ(၃)နာရီ၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်သည်။

ဆောင်ရွက်ရာတွင် ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးတင်ရွှေမှ Talk Show ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား  ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်မှ ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဘိုကလေးမြို့နယ် အနေဖြင့် ကမ်းပြိုဘေး (၁)ကြိမ်၊ မိုးကြိုးဘေး(၁)ကြိမ်၊ မီးဘေး(၂)ကြိမ်၊ လေဘေး(၆)ကြိမ်၊ မိချောင်း ဆွဲခံရမှု(၂)ကြိမ်ဖြင့် သဘာဝဘေးဖြစ်ပွားမှု (၁၂)ကြိမ်ရှိခဲ့ပြီး သဘာဝဘေးကြောင့် အိမ်ထောင်စု (၂၀)စု၊ လူဦးရေ(၇၄)ဦး သဘာဝဘေးကြုံတွေ့ခဲ့ရကြောင်း၊ လူသေဆုံးမှု (၂)ဦးရှိခဲ့ သည့် အပြင် အိမ်(၂၀)လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ သဘာဝဘေးများ အတွက် အိမ်ဆောက် ပစ္စည်းဖိုး၊ ဘေးသင့်အိမ်ထောင်စုဝင်များအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး၊ သေဆုံးသူအတွက် ထောက်ပံ့ငွေနှင့် ဒဏ်ရာရရှိသူများအတွက် ဆေးဝါးကုသ စရိတ် ငွေကျပ်(၃၆၄၅၉၀၀)ကျပ် အပါအဝင် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ကယ်ဆယ်ရေး ပုံများ၏ တန်ဖိုးငွေ(၈၃၃၆၁၂)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၄၄၇၉၅၁၂)ကျပ် ထောက်ပံ့နိုင်ခဲ့ ကြောင်း နှင့် သောက်သုံးရေ ရှားပါးဒေသများ အတွက် သောက်သုံးရေ လှူဒါန်းမှု တန်ဖိုး (၆)သိန်းရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

၎င်း Talk  Show အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Bogalay  လူမှုကွန်ယက် စာမျက်နှာတွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  ၎င်း လူမှုကွန်ယက် စာမျက်နှာတွင် အများပြည်သူ မှတ်သားဖွယ်ရာများ၊ အသိပညာပေးကဏ္ဍများ၊ နိုင်ငံတော် ထုတ်ပြန်ချက်များနှင့် ဒေသဆိုင်ရာ သတင်းအချက်အလက်များအား အသိပညာပေး လွှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘို ကလေး)