ကော့သောင်းမြို့တွင် မီးဘေးအန္တရာယ် ကာကွယ်ရေးဇတ်တိုက်လေ့ကျင့် မှုများဆောင်ရွက်

ကော့သောင်း   ဒီဇင်ဘာ   ၂၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်များဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းက  ကော့သောင်းမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယခုအချိန် ကာလသည် ပွင့်လင်းရာသီရောက်လာပြီဖြစ်ပြီး မြို့တွင်းသို့အရှေ့လေပြင်းများ တိုက်ခတ်ဝင်ရောက်လာနေချိန်ဖြစ်ကာ၊ မီးဘေးအန္တရာယ်များဖြစ်လာတဲ့အခါမှာ ထိရောက်စွာနဲ့ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်တာဖြစ်ကြောင်း၊ သဘာဝဘေး အပါအဝင် ဘေးအန္တရာယ်များဖြစ်လာသည့်အခါ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (၁၉၁)ဖုန်းနံပါတ်သို့ အမြန်ဆုံး သတင်းပို့ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ငြှိမ်းဦးကပြော သည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ဦးစီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ခရိုင်မီးသတ်ဦးစီး ဌာနမှမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် မီးသတ်ကရိယာများ၊ ကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအသုံးပြုကာ နေအိမ်အဆောက်အဦးအတွင်း မီးငြှိမ်းသတ်ခြင်း၊ အထပ်မြင့်အဆောက်အဦးများ မီးလောင်မှုဖြစ်ပေါ်ပါက ဆောလျှင်စွာ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)