ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန် မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။    

အဆိုပါနှိုးဆော်ချက်များတွင် အတတ်နိုင်ဆုံး အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပါဖြင့် စနစ်တကျဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ သန့်ရှင်းလတ်ဆက်သော အစားအသောက်များကိုရွေးချယ်စားသုံးကြရန်၊ အစား အသောက်များကို ကျက်အောင် ချက်ပြုတ်စားသောက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ရောဂါပိုးရှိသည်ဟု သံသယဝင်ပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့ ဆက်သွယ်ပြီးဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ် တောက်ရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် စသည့်အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက စကော ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့်အသိပညာပေး နှိုးဆော်ခဲ့ကြ ကြောင်း သိရှိရ သည်။

ရှမ်းရွာသစ်(ပြန်/ဆက်)