ကော့သောင်း ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့ ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် နှစ်လမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား EPT ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းကို ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးမှု အစီအစဉ်တွင် ကော့သောင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ ကလေးမိခင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရခြင်းနှင့် ပတ်သက်၍ ကာကွယ်နိုင်သည့် ရောဂါများအကြောင်းကို ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် မိခင်များအား အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရာတွင် မြို့ပေါ်ရပ်ကွက် နှင့်ကျေးရွာများ အတွင်းရှိ ကလေး ငယ်များအား ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန် ဦးနှောက်ရောင် ရောဂါပုံမှန် ကာကွယ်ဆေး ထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)