အိမ်မဲ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ မြန်မာ-ပိုးကရင်ဘာသာ စကားနှစ်မျိုးဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာ ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ အသိပညာပေးရာတွင် အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်၍ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန် ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်