ဝါးခယ်မ ဒီဇင်ဘာ၂၀
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စပ်ထုံးကျေးရွာအုပ်စု၊ ဖက်တန်းကျေးရွာအနီး တွင် ယနေ့ မွန်းလွဲ(၁၂း၁၅)နာရီအချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျသဖြင့် နေအိမ်(၁) လုံးရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အရှည်(၂၅)ပေ၊ အကျယ်(၁၅)ပေခန့် ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါး အနီးတွင် နေထိုင်သော နေအိမ် (၁)လုံး နှင့်မိသားစုဝင်ကျား(၃)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၅)ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်နှင့်ရွာသားများ၊ ရွှေလောင်းနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ ရွှေလောင်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တို့က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်းသိရသည်။
စပ်ထုံးကျေးရွာအုပ်စုသည် စပ်ထုံး၊ ဖက်တန်း၊ ညောင်ဝိုင်း စသည့်ကျေးရွာခွဲ(၃)ရွာတည်ရှိပြီး ဖက်တန်းကျေးရွာတွင် အိမ်ခြေ(၂၇၄)လုံး၊ အိမ်ထောင်(၂၇၇)စု၊ လူဦးရေ ကျား(၅၅၃)ဦး၊ မ(၆၅၄)ဦး၊ ပေါင်း(၁၂၀၇)ဦးတို့ နေထိုင်ကြောင်း၊ ၎င်းကျေးရွာအုပ်စုသည် ဧရာဝတီ မြစ်ကမ်းပါးတွင်တည်ရှိသောကြောင့် အလားတူမြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။
စောသန္တာဦး