ဖောင်းပြင် ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပင်သာ- နောင်ဖလန်- ကောက်စားလမ်းမပေါ် ၌ ကန်ကရစ်တံတား အရှည် ၅၀ပေ၊ အကျယ် ၂၀ပေအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၁၁၃ ဒသမ ၂၄၄) သန်းဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာက ၂၁-၁-၂၀၂၁ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး ပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အဆိုပါဌာနမှသိရသည်။
အဆိုပါ တံတားဆောင်ရွက် ပြီးစီးနေမှုအား မော်လိုက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများ၊ ဖောင်းပြင်မြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်နီထွန်းတို့က ယခုလ ၁၈ရက်နေ့က သွားရောက် စစ်ဆေးခဲ့ကြသည်။
ယင်းတံတား တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် လယ်ယာထွက်သီးနှံများ သယ်ဆောင်ရာ တွင်လည်းကောင်း၊ ကုန်စည်များ တင်ပို့ရာတွင်လည်းကောင်း အဆင်ပြေမည်ဖြစ်ပြီး ကျေးရွာနေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသော ကိစ္စရပ်များအတွက် အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)