မြောင်းမြ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင်၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ( ၄ ) ရက်နေ့၌ ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စကားလုံး ဆက် ပြိုင်ပွဲ၊စက္ကူခေါက်ပြိုင်ပွဲနှင့် အိမ်ဆောက်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ပြိုင်ပွဲများကျင်းပရာတွင် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် စာပေများဖတ်ရှုကြခြင်းဖြင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများ ယှဉ်ပြိုင်စေခြင်း၊ အင်္ဂလိပ်စာတိုးတက်စေရေးအတွက် အင်္ဂလိပ်စကားလုံး ဆက်ပြိုင်ပွဲများ၊ စိတ်ကူးဉာဏ် ဖြတ်ထိုးဉာဏ်များ အားကောင်းလာစေရေးအတွက် အိမ်ဆောက်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲများ အသီးသီးပြုလုပ် ယှဉ်ပြိုင်စေရာတွင် အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၀)ဦးတို့က ပျော်ရွှင်စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီးဝင်ရောက် ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးအအေးနှင့်မုန့်များလည်း ပေးဝေခဲ့ကြောင်း သိရသည်။
ခင်ရူပါအေး