အောင်လံ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီ က စမ်းချောင်းရပ်ကွက်နှင့် အင်းပေါက် ကျေးရွာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျလိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု နှစ်ကြိမ်ပြည့်အောင် ထိုးနှံခြင်းကို အထူးဂရုပြု ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ကြပါရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို အကြိမ်ပြည့်ထိုးနှံကြပါရန်တို့ကို နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)