ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

ဆင်ပေါင်ဝဲ  ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု မခံရစေရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ရန်၊ အခြေခံပညာကျောင်းများတွင် ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ စာသင်နိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ပြည်သူများ အပြင်ထွက်လျှင် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ တစ်ပတ်လျှင် တစ်ကြိမ် ကွင်းဆင်းစစ် ဆေးရန်နှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် စသည်ဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော တာဝန်ရှိသူများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည်ဆွေးနွေးခဲ့ကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)