ဇွဲကပင်အားကစားကွင်း အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ပန္နတင်မင်္ဂလာအခမ်းအနား ကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆင့်မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့နံနက် ၈ နာရီခွဲခန့်က အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ပန္နက်တင်မင်္ဂလာအခမ်းအနားကို အဆိုပါ အားကစားကွင်း၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များက ဇွဲကပင်အားကစားကွင်း အဆင့်မြင့်တင်ခြင်းလုပ်ငန်း အရှေ့ဘက်ပွဲကြည့်စင် (၄၄၀ ပေ x ၃၅ ပေ) ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အနောက်ဘက ပွဲကြည့်စင် (၄၈၀ ပေ x ၆၀ ပေ) ကိုလည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် မင်္ဂလာ ပန္နက်ရိုက်၍ အမွေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။

ပန္နတင်မင်္ဂလာ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး ဇွဲကပင်အားကစားကွင်း အဆင့်မြင့်တင်ခြင်း လုပ်ငန်း များတွင် အရှေ့ဘက်ပွဲကြည့်စင် (၄၄၀ ပေ x ၃၅ ပေ) ကို ထူးနေအောင်ကုမ္ပဏီကလည်းကောင်း၊ အနောက်ဘက်ပွဲကြည့်စင် (၄၈၀ ပေ x ၆၀ ပေ) ကို အဆောက်အဦ ဦးစီးဌာနကလည်းကောင်း၊  တောင်ဘက်ပွဲကြည့်စင် (၂၈၀ ပေ x ၃၅ ပေ) ကို ဖူးပွင့်သစ်ကုမ္ပဏီကလည်းကောင်း၊ မြောက်ဘက် ပွဲကြည့်စင် (၂၈၀ ပေ x ၃၅ ပေ) ကို  3K Star Power ကုမ္ပဏီကလည်းကောင်း၊ Synthetic ပြေးလမ်း မီတာ ၄၀၀ ကို မာန်မြင့်ဟိန်း ကုမ္ပဏီကလည်းကောင်း တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)