ပခုက္ကူ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ လိုက်ပါပြီး ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ပခုက္ကူတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် "မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုပ်ရှားမှုများ" အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက အမှာစကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးက "မြန်မာတိုင်းရင်းသားလူမျိုးတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြဌာန်းတို့ဖြင့် နှစ်ပေါင်းများစွာပင် နေထိုင်လာခဲ့ကြကြောင်း၊ သို့သော် ၁၈၈၆ခုနှစ်၊ နယ်ချဲ့ဗြိတိသျှလက်အောက် ကိုလိုနီအဖြစ် ကျရောက်ချိန် ကစတင်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ဘာသာသာသနာ၊ စာပေနှင့်ပညာရေးများ တဖြေးဖြေး မှေးမှိန်လာခဲ့ကြောင်း၊ ဒါ့ကြောင့် မြန်မာတိုင်းရင်းသား လူမျိုးများသည် နည်းပညာ၊ အတွေ့အကြုံနှင့် လက်နက်အင်အားများ ကွာခြားသော်လည်း မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်မြတ်နိုး ကာကွယ်လိုသည့် စိတ်ဓာတ်များဖြင့် နည်းမျိုးစုံသုံးကာ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆင်နွှဲခဲ့ကြခြင်းကြောင့် ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ကြကြောင်း၊ ထို့သို့ သူ့ကျွန်ဘဝမှလွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို လေးစားတန်ဖိုးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ရပ် တည်နိုင်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရေး တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း" ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်က အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူ တက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ခင်ဖြူဖြူသန်းက "မြန်မာ့နိုင်ငံရေး သမိုင်းလှုပ်ရှားမှုများကို ဆန်းစစ်လေ့လာခြင်း(၁၈၈၆-၁၉၃၀)"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပါမောက္ခ ဒေါက်တာမြတ်စန္ဒာအေးက "မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု(၁၉၄၅-၁၉၄၈)" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တွဲဖက်ပါမောက္ခ ဒေါက်တာစန်းစန်းတင့်က "တောင်သူ လယ်သမား လှုပ်ရှားကို ဆန်းစစ်လေ့လာခြင်း" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တွဲဖက် ပါမောက္ခ ဦးတင်ထွန်းအောင်က "ဖက်ဆစ်ဂျပန်တော်လှန်ရေး (၁၉၄၁-၁၉၄၅)" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြရာ တက်ရောက်လာကြသည့် ပခုက္ကူ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ဆရာမများက မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတွင် ဟောပြောဆွေးနွေးသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)