ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့ရှိ ပညာရေးကောလိပ်၊ တောင်ငူတက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုစစ်ဆေး

တောင်ငူ ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက တောင်ငူပညာရေး ကောလိပ်နှင့် တောင်ငူတက္ကသိုလ်တို့​၏ ဖွဲ့စည်းတည်ဆောက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး​ကာ လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။

ရှေးဦးစွာ  တောင်ငူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်က တောင်ငူတက္ကသိုလ် ဖွဲ့စည်းတည်ဆောက်ထားရှိမှုများ၊ စီမံရေးရာ ဌာန၊ ကျောင်းသားရေးရာ ဌာနတို့​၏ ဆောင်ရွက်မှုလုပ်ငန်းများ၊ တက္ကသိုလ်အတွင်း ပညာသင်ကြားရေးနှင့် ကျောင်းအပ်နှံထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ငူမြို့ အမှတ် (၈) ရပ်ကွက် ဂယ်ခိုဂယ်ဘား ခရစ်ယာန် ကျောင်း အတွင်း၌  ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးမင်းက ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံမည့် အစီအစဉ်များအား ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။ ယင်းနောက်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား တွေ့ဆုံကာ အားပေးစကားများ ပြောကြားသည်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းကျောင်းအတွင်း ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် သူနာပြုသင်တန်းကျောင်းအုပ် ဒေါ်မြင့်မြင့်စန်းက သင်တန်းကျောင်း ဖွဲ့စည်းတည်ဆောက်ထားရှိမှုများနှင့်  ပညာသင်ကြားရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(တောင်ငူ)