ပွင့်ဖြူ၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာနှင့် ကူရွာကျေးရွာသို့ လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦး ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်း အဖွဲ့က လယ်လှ ကုန်းကျေးရွာသို့လည်းကောင်း သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ အသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လာရောက် အသိပေးရှင်းလင်း ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် သတ်မှတ်ဆေးထိုး အကြိမ်ရေ ပြည်မီအောင် ထိုးနှံကြရန်၊  ဒေသခံပြည်သူများ အနေဖြင့် မိမိတို့ရပ်ရွာအေးချမ်းသာယာမှုရှိစေရေးတို့ကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး ရဲမှူးဝင်းဦး ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ကလည်း လယ်လှကုန်းကျေးရွာ သို့သွားရောက်ပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံကာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောက်ရွက်နိုင်ရေး အတွက် အသိပေးချပြ ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ဌာနအလိုက် ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျေးရွာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိ သူများအဖွဲ့က ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးကာ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေးထားလိုက်နာ သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အဖွဲ့သည် ကူရွာကျေးရွာ မူလတန်းကျောင်း ဆောက်လုပ်နေမှု အခြေအနေကို အရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)