ကသာ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ အောက်ဆီဂျင် ထုတ်စက်ရုံဖြစ်မြောက်ရေးအဖွဲ့မှ ဒီဇင်ဘာလ(၁၆)ရက်နေ့က အောက်ဆီဂျင်ထုတ်စက်ရုံကို ကသာမြို့ “ဧရာကမ်းသာ” အောက်ဆီဂျင် အလှူတော်လူမှုရေးအသင်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယခုအခါတွင် အဆိုပါအောက်ဆီဂျင်စက်ရုံကြီးမှ လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်များကို နေ့စဉ်ထုတ်လုပ်ပေးနိုင်သဖြင့် အလှူရှင်နှင့် စေတနာရှင်များက ဝမ်းသာလျက်ရှိကြောင်း သိရသည်။
အောက်ဆီဂျင်ထုတ် စက်ရုံဖြစ်မြောက်ရေးအတွက် ကသာမြို့နယ်မှ အလှူရှင်များ၊ စေတနာရှင်များက စုပေါင်းလှူဒါန်းထားသော အောက်ဆီဂျင် ထုတ်စက်နှင့် ဆက်စပ် ပစ္စည်းများအတွက် ရငွေသုံးငွေ စာရင်းများကို အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအဖွဲ့နှင့် အလှူရှင်များမှ ကသာမြို့ “ဧရာကမ်းသာ” အောက်ဆီဂျင်အလှူတော် လူမှုရေးအသင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး အဖွဲ့မှလည်း စက်ရုံဆောက်လုပ်ခြင်း၊ အောက်ဆီဂျင်ထုတ် စက်ကြီးမှ အောက်ဆီဂျင်အိုးများ အမြန်ရရှိရေးအတွက် ဆောင်ရွက်ခြင်း၊ လူနာဆောင်သို့ သွားရာလမ်းများကို ကွန်ကရစ် ခင်းပေးခြင်း၊ အောက်ဆီဂျင်အိုးများ သယ်ယူရာတွင် လွယ်ကူစေရန်အတွက် လက်တွန်းထော်လီများ ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းများကို ပြုလုပ်ပေးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)