နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး

ကျောင်းကုန်း ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က  ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က ယခုခွဲဝေ ထောက်ပံ့ပေးသော ပုလဲဓာတ်မြေဩဇာများအား မိမိကျေးရွာများ၌ စနစ်တကျ တောင်သူလက်ဝယ် အရောက် ဖြန့်ဝေပေးရန်ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထင်ကျော်ဦးက ကျောင်းကုန်းမြို့နယ်အတွင်း နွေစပါးစိုက်ဧက‌ (၂၃၆၀၀) ကျော်ရှိကြောင်း၊ ထိုဧကများအတွက် ပထမအကြိမ်တွင်(၈၃၀)အိတ် ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ယခုဒုတိယအကြိမ်တွင်(၇၉၅)အိတ်အား သက်ဆိုင်ရာကျေးရွာအုပ်စုများသို့ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ စုစုပေါင်း(၅)ကြိမ်တိုင်တိုင် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းဖို့ရာအတွက် ပုလဲဓာတ်မြေဩဇာအား သတ်မှတ် အပင်သက်တမ်းအလိုက် အချိုးကျကျွေးပါက ဓာတ်မြေဩဇာလေလွင့်ဆုံးရှုံးမှု သက်သာစေမည့် အပြင် အထွက်နှုန်းကောင်းမွန်စေမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီး အရာရှိနှင့်ဝန်ထမ်းများ၊ နွေစပါး စိုက်ပျိုးသောကျေးရွာမှအုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်