ဝန်းသိုမြို့နယ် ဆပ်သွားကျင်းကျေးရွာတွင် မြေသားလမ်းစတင်ဖောက်လုပ်

ဝန်းသို ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဆပ်သွားကျင်းကျေးရွာတွင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် မူလမြေသား လမ်းအားလမ်းချဲ့ခြင်း လုပ်ငန်းကို  ယမန်နေ့ ကစတင်၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီ ဦးဆောင်မှု ဖြင့် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

"ကျနော်တို့ကျေးရွာက ကုန်းတွင်းပိတ်ကျေးရွာ တစ်ရွာဖြစ်ပြီး တောင်ကုန်း တောင်တန်းများကို ဖြတ်သန်းသွား လာရတဲ့အတွက် သွားရေးလာရေးမှာ အလွန်ခက်ခဲမှု ရှိသလို မူလရှိတဲ့မြေသားလမ်းက ဆိုင်ကယ်လမ်းသာသာ လှည်းလမ်းမျှရှိတာကြောင့် လယ်ယာထွက်ကုန်တွေကို စျေးကွက်ထဲ လျင်လျင်မြန်မြန်ရောက်ဖို့ တောင်သူတွေအတွက် အခက်ခဲလည်း ရှိပါတယ်။ အခုအကျယ် ၁၂ ပေရှိ လမ်းသားချဲ့ခြင်း လုပ်ငန်းကို VDP စီမံကိန်းရန်ပုံငွေနဲ့ ဆောင်ရွက်ခွင့်ရတဲ့အတွက် ကျေးလက်ဦးစီးဌာနကို အလွန်ကိုကျေးဇူး တင်ရှိပါတယ် "ဟု ကော်မတီဝင်တစ်ဦးက ပြောသည်။

ဆပ်သွားကျင်းကျေးရွာ မြေသားလမ်းချဲ့ခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)ဖြင့် အကျယ် ၁၂ ပေ၊ အရှည် (၁)မိုင်ခန့် ဖောက်လုပ်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၃၂)အိမ်၊ လူဦးရေ(၁၅၄)ဦး တို့အတွက် သွားရေးလာရေးအပြင်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းများကို များစွားအကျိုးပြု နိုင်မည်ဖြစ်ကြောင်း သိရပြီး ဝန်းသိုမြို့နယ်တွင်  ၂၀၂၁-၂၀၂၂ခု (၆)လဘဏ္ဍာရေး နှစ်အတွင်း (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ကျေးရွာပေါင်း ၇ ရွာ၌ လမ်း၊ တံတားနှင့် ရေပေးရေး လုပ်ငန်းများအား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှသိရသည်။

မြို့နယ် (ပြန်/ဆက်)