ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇ ပြောင်းလဲ ရောဂါကူးစက်မှု လျော့နည်းစေရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

ဝေါ ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဝေါမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကား သည့် လမ်းဆုံလမ်းခွနေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။  

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင်  ယခုအခါ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းလဲမှု အခြေအနေဖြင့် ၂၀၂၁ခုနှစ် နိုဝင်ဘာလ တတိယအပတ်အတွင်း ကိုဗစ်-၁၉ ရောဂါယခင်မျိုးကွဲ ဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇ ပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်အား တောင်အာဖရိက နိုင်ငံမှ စတင်တွေ့ရှိရပြီး ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့နှံလျက်ရှိသည်၊ အဆိုပါ မျိုးကွဲသစ်အား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ အိုမိခရွန်ခေါ် (B.1.1.529) အဖြစ် အမည်ပေး သတ်မှတ်ထားကြောင်း သိရသည်။

 မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းဖြင့် လူစုလူဝေးကို တက်နိုင်သမျှ ရှောင်ကြရန်။ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ အရာဝတ္တုပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကို မကြာခဏ ဆေးကြောပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့ နေအိမ်များကို လေဝင်လေထွက်ရှိအောင် လုပ်ကြပါစသည့် ကြေညာချက်များကို ကိုယ်စီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်တို့ကို အသိပညာပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း