လှိုင်းဘွဲ ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်၊ ရောဂါပိုးကွင်းဆက်ဖြတ်တောက်နိုင်ရန်အတွက် ကိုဗစ်ရောဂါပိုးဆိုင်ရာ အသိပညာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ် ဦးစီးဌာန ဝန်ထမ်းများက မြန်မာဘာသာ၊ ပိုးကရင်ဘာသာစကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့် မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီးအသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုးမပြုလုပ်ရန်၊ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့် ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြပါရန်နှင့် မိမိနှင့်မိမိတို့ မိသားစုဝင်များအတွက်မဖြစ်မနေ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံကြရန်၊ ဆေးထိုးစုရပ်များနှင့် ဆေးထိုးရမည့် နေ့ရက်များကိုအသိပညာပေး ဆောင်ရွက်ခြင်းနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
စောဒိ( ပြန် / ဆက်)