စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ကုလားပဲများလှူဒါန်း

ဖောင်းပြင် ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ဖောင်းပြင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်သွန်နီစသော အမယ် (၅) မျိုးကို လှူဒါန်းပေးခဲ့ရာ မော်လိုက်ခရိုင်၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီ အချိန်က ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာ သာသနာ့ရက္ခိတ ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ စသောအမယ် (၅) မျိုးအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့လှူဒါန်းခဲ့ကြရာ ဆန်တစ်အိတ်၊ ဆီ ၆ ပိဿာ၊ ဆား ၆ ပိဿာ၊ ကုလားပဲ ၅ ပိဿာ၊ ကြက်သွန်နီ ၅ ပိဿာတို့ကို အဆိုပါကျောင်းမှ တိုက်အုပ်ဆရာတော် ဦးသောဘိတထံ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ အဆိုပါ စားသောက်ကုန် (၅) မျိုးသည် ငွေကျပ်တစ်သိန်း တန်ဘိုးရှိပြီး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း (၅၀) တန်ဘိုးရှိကြောင်း ဖောင်းပြင်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

အလားတူ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ယင်းကျောင်းတိုက်တွင် လိုအပ်သည်များ ဖြည့်ဆည်း အသုံး ပြုနိုင်ရန်အတွက် အလှူငွေများစုပေါင်းကာ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)