သရက် ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း နှစ်ပတ်လည် အရပ်ရပ် ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရွှေစင် ငွေစင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ် တက်ရောက်အမှာစကား ပြောကြား၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲမှ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် သရက်ခရိုင်အစိုးရ ဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းလီမိတက်၏ ၂၀၁၉ ခုနှစ် နှစ်ဝက်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာများအား ဒါရိုက်တာ အဖွဲ့၏လုပ်ငန်း အစီရင်ခံစာဖတ် ကြားခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းဖတ်ကြားခြင်းများ ဆောင်ရွက်၍ သဘာပတိ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ဆက်လက်၍ ဒါရိုက်တာအဖွဲ့ရွေးချယ်တင်မြှောက်ပွဲကျင်းပရာ သရက်ခရိုင်သမဝါယမအသင်း လီမီတက်၏ အမှုဆောင်ဒါရိုက်တာ(၅)ဦးအား တက်ရောက် လာသော အသင်းကိုယ်စားလှယ် များက မဲစနစ်ဖြင့်ရွေးချယ်ခဲ့ရာဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဆွေ၊ အဖွဲ့ဝင် ဦးမျိုးဝင်း၊ ဒေါ်ခင်ဌေးမြင့်၊ ဦးအေးလွင်နှင့် အတွင်းရေးမှူး ဦးမြင့်ဟန်တို့အား တာဝန်ပေး ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)