ဖြူးမြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းသရုပ်ပြ

ဖြူး       ဒီဇင်ဘာ    ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ခြောက်သွေ့သည့် ကာလရောက် လာသည်နှင့်အမျှ မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ဈေးသူဈေးသားများ မီးဘေးကြိုတင် ကာကွယ်နိုင်ကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၉) နာရီ အချိန်က ဖြူးမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမင်းသုမောင် ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ ဝင်များက မီးသတ်ဆေးဗူး အသုံးပြုပုံအားရှင်းလင်းပြီးလက်တွေ့ မီးငြှိမ်းသတ်ခြင်းများ၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကား(၂)စီး၊ ရေသယ်ကား (၁)စီးဖြင့် မီးငြှိမ်းသတ် သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးဇော်နိုင်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများက တက်ရောက်ကြည့်ရှု ခဲ့ကြပြီး မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေမျိုးလွင် (ပြန်/ဆက်)