မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ပခုက္ကူ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့နယ်အတွင်းရှိ စက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ပခုက္ကူ စက်မှုဇုန်လုပ်ငန်းများ ပုံမှန်လည်ပတ်‌ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေး(SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းကုန်ကြမ်းများအား  ပိုမိုဆန်းသစ် တီထွင်ထုတ်လုပ်ရောင်းချနိုင်ရေး၊ ကုန်သည်ပွဲစားများ အသင်းပိုမိုခိုင်မြဲရပ်တည်နိုင်စေရေးတို့အတွက် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ထွန်းအောင်က စက်မှုဇုန်နှင့် ပတ်သက်သည့် ဥပ‌ဒေများ၊ ရည်ရွယ်ချက်များနှင့် စက်မှုဇုန်လုပ်ငန်းများ ၏ အခွင့်အရေးခံစားခွင့်များ အကြောင်းတို့ကို ရှင်းလင်းတင်ပြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ထွန်းအောင်နှင့် ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူ၊ ပခုက္ကူစက်မှုဇုန် လုပ်ငန်းရှင်များနှင့် စက်မှုဇုန်ပြင်ပစက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)