မြဝတီ ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့၌ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အသိပညာပေးစကားဝိုင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ရွှေမြဝတီ Quarantine Centre တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုတင့်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးရန်၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် ရွှေ့ပြောင်းသွားလာသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးရယူလိုစိတ် ရှိစေရန်စသော အကြောင်းအရာများကို အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျန်းမာပြီးဘေးကင်းသော စနစ်တကျ တရားဝင်ရွှေ့ပြောင်း သွာလာခြင်းဆိုင်ရာ စကားဝိုင်းကို ရွှေမြဝတီ ကိုဗစ်စင်တာတာဝန်ခံ ဒေါက်တာစောဌေးမြင့်၊ ဦးအောင်ကျော်သန်း (IOM)နှင့် ဒေါ်ခိုင်ခိုင်နွယ်(UMFCC)တို့က ကိုဗစ်-၁၉ အသိပညာပေးခြင်း၊ စနစ်ကျသော ရွှေ့ပြောင်း သွားလာခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းတို့ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ ရွှေမြဝတီ Quarantine Centre မှ စေတနာ့ ဝန်ထမ်းများနှင့် Quarantine ရက်ပြည့်မြောက်သည့် နေရပ်ပြန်ပြည်သူများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)