မြိတ် ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရေး အတွက် ယမန်နေ့ နေ့လယ်ပိုင်းက အ.လ.က (၅) ကန်ဖျားကျောင်းတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများအားအား ကစားဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး အားကစားနည်းများ သရုပ်ပြသခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် အ.လ.က (၅) ကန်ဖျားကျောင်းတွင် တာဝန်ခံဆရာမ ဒေါ်အေးအေးယုက အမှာစကား ပြောကြားပြီး မြို့နယ်အားကစားမှူး ဦးထွန်းရှိန်က ကျောင်းသား/သူ လူငယ်များအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားကစားများ ပြုလုပ်ကြရန်နှင့် အားကစားဆိုင်ရာအကြောင်း အသိပညာပေး ပြောကြားသည်။
ထို့နောက် နည်းစနစ်မှူး ဒေါ်နှင်းအိဆွေက အားကစားပြုရလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားပြီး ပြေး၊ ခုန်၊ ပစ် နည်းပြဆရာမ ဒေါ်သန်းသန်းက ပြေး၊ ခုန်၊ ပစ် အားကစားနည်း အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အားကစားမှူးက အားကစားပစ္စည်းများကို ကျောင်းအတွက် လှူဒါန်းရာ တာဝန်ခံဆရာမက လက်ခံရယူ၍ ကျောင်းသား/သူများအား မြို့နယ်မြန်မာ့ရိုးရာ ခြင်းလုံးအဖွဲ့နှင့် မြို့နယ်လက်ဝှေ့ကော်မတီက မြန်မာ့ရိုးရာခြင်းလုံးနှင့် လက်ဝှေ့ကစားနည်းကို သရုပ်ပြ ရှင်းလင်းကစားပြခဲ့ကြရာ ကျောင်းသား/သူများက ကြည့်ရှုခဲ့ကြ၍ ပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )