အထက်မင်းလှ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်အတွက် အသိပေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးကြည်ဌေးက အမှာစကားပြောကြားခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက မင်းလှမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများ၊ စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန်၊ လိုက်နာဆောင်ရွက်မှုမရှိသည့် စား သောက်ဆိုင်များအား ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ်ဆိုင်သုံးရက်ပိတ်သိမ်းခြင်း၊ တတိယအကြိမ်ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် မင်းလှမြို့နယ်အတွင်း၌ COVID-19 ရောဂါ ဒုတိယလှိုင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြရန် အသိပေးဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)