မန်းရွှေစက်တော်ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မန်းရွှေစက်တော် ဘုရားကြီးအဝင်လမ်း (၃)လမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးနှင့် အောက်စက်တော်ရာ၊ အထက်စက်တော်ရာ၊ မန်းချောင်းနှင့် မန်းရွှေစက်တော် ဘုရားကြီး ပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဘုရားဖူး မိဘပြည်သူ များ လာရောက်ဖူးမြော်ရာတွင် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မန်းရွှေစက်တော်ဘုရား၌ ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှုနှင့် ပြီးစီးမှုအခြေအနေများ၊ ဓာတ်လှေ ကားအနီး ကားတက်လမ်းနှင့် မြေနေရာရှင်းလင်းခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ ရာ တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကိုလည်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်မီးသတ်းဦးစီးမှူး ဦးထွန်းထွန်း တို့က ငဖဲမြို့နယ် ပဒါန်းကျေးရွာရှိ နယ်မြေမီးသတ်စခန်းသို့ သွားရောက်၍ မြေနေရာ၊ မီးသတ် အဆောက်အဦ တည်ဆောက်ထားမှု၊ ဝန်ထမ်းအိမ်ရာနှင့် မီးသတ်ကားထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)