နတ်တလင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ မကျီးစုအုပ်စု၊ သပြေလှ ကျေးရွာတွင် မီးလောင်ကျွမ်းပျက်ဆီး ဆုံးရှုံးသွားသော နေအိမ် (၃) အိမ်မှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ သာယာ၀တီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် အဖွဲ့တို့ ပူးပေါင်း၍ မကျီးစုအုပ်စု၊ သပြေလှကျေးရွာတွင် ဒီဇင်ဘာ ၁၆ ရက် နံနက် ၃ နာရီ ၄၀ မိနစ်အချိန်က မီးလောင်ပျက်စီးခဲ့သော မီးဘေးသင့်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆)သိန်း၊ မီးဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၂၁၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလတ် စတစ်ပုံး (၃) ပုံးတို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)