မင်းဘူး ဒီဇင်ဘာ ၁၈
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မင်းဘူး(စကု) မြို့နယ်၌ ဆောင်းသီးနှံဧက ၁၀၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးနေ ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆောင်းသီးနှံများကို လျာထားစိုက်ပျိုးရာတွင် နှမ်း ၇၈၉၆၈ ဧက၊ မြေပဲ ၃၃၄၅၈ ဧက၊ ပဲကြီး ၃၉၃၇ ဧက၊ ပဲလွန်း ၃၁၄၂ ဧက၊ မတ်ပဲ ၁၅၂ ဧက၊ ပဲနောက် ၂၆၄ ဧက၊ ကုလားပဲ ၁၈၆၂၆ ဧက၊ စားတော်ပဲ ၁၈၂ ဧက၊ ထောပတ်ပဲ ၆၂၄ ဧက၊ ပဲစင်းငုံ ၇၀၁ ဧက၊ နေကြာ ၁၁၈၆၉ ဧကနှင့် ငရုတ် သီးနှံများကို ရွာသစ်ကုန်း၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ မန်းကျိုး၊ သနပ္ပင်စု၊ ကျောင်းကုန်း၊ ပေါက်ငူစသော ကျေးရွာများတွင် ဧက ၄၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
"ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ်အတွင်းမှာ အဓိက စိုက်ပျိုးတာကတော့ ပဲမျိုးစုံဖြစ်ပြီး ဧကတစ်သိန်း နီးပါး စိုက်ပျိုးထားပါတယ်။ လျာထားချက်ပြည့်မီရေး၊ မျိုးစေ့များ မျိုးကောင်းမျိုးသန့်ဖြစ်စေရေး၊ စိုက်ပျိုး သည့် နည်းစနစ် မှန်ကန်ရေး၊ သွင်းအားစု အလုံအလောက်ရရှိရေး၊ ပိုးမွှားရောဂါ ကာကွယ်ရေး လုပ်ငန်း များကို ကျွန်တော်တို့ ဝန်ထမ်းတွေက စိုက်ခင်းထဲအရောက် အသိပညာပေးပြီး လုပ်ဆောင်ပေးနေပါတယ်'' ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လ/ထဦးစီးမှူး ဦးမြင့်ဦးက ပြောသည်။
ဇေယျာထက် (မင်းဘူး)