ပုသိမ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြု လုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအဆင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုံ (Agro ecological Zone) များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက် များကိုအခြေခံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ ဒေသခံတောင်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများအတွက် အရည်အသွေးကောင်းမွန်သော၊ အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်စပါးများ ထုတ်လုပ် ဖြန့်ဖြူးပေးရန်လိုပါကြောင်း၊ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ပြီး ရရှိလာသည့် ရလဒ်များအား တောင်သူများမှ ကောင်းစွာသိရှိနားလည်ပြီး မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများ၊ မြေပြုပြင်ခြင်းလုပ်ငန်းများ ပြုလုပ်စေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုပါကြောင်း၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကိုလည်း အချိုးကျသုံးစွဲကြရန် လိုပါကြောင်း၊ စိုက်ပျိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ စိုက်ဧကများပြည့်မီအောင် စိုက်ပျိုးကြရန်လိုအပ် ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေး နည်းစနစ်များအား စနစ်တကျလိုက်နာဆောင်ရွက်ကြရန်နှင့် ခေတ်မီနည်းပညာများအား စဉ်ဆက်မပြတ်လေ့လာရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေး ပွဲရလဒ်များ ထွက်ပေါ်လာစေရေး အလေးထားဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးမှ တိုင်းဒေသကြီးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ အစီအစဉ်အား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ သီးနှံကာကွယ်ရေးဌာနခွဲပြခန်း၊ မျိုးစေ့ဌာနခွဲပြခန်း၊ မြေအသုံချရေး ဌာနခွဲပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ စားသောက်ကုန်ပစ္စည်း များပြခန်းနှင့် ငှက်ပျောလျှော်ဖြင့် လက်မှုထည် ထုတ်လုပ်သည့် ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် တောင်သူလယ်သမားများနှင့် လုပ်ငန်းရှင်များမှ ရှင်းလင်းတင်ပြမှုနှင့် အစုအဖွဲ့ အလိုက် ဆွေးနွေးမှုများကို အားပေးခဲ့ကြောင်း သိရှိရသည်။
ပုသိမ်ခရိုင် ပြန်/ဆက်