သရက်မြို့၌ ဒေသနွားမျိုးကောင်း မျိုးသန့် ဒုတိယအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးပေးအပ်

သရက် ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုးပင်ကျေးရွာအုပ်စု မုဉ္ဇလီကျေးရွာ၌ သရက်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်အတွက် ဒေသနွားမျိုးကောင်း မျိုးသန့် ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

 သရက်မြို့နယ်အတွင်းတွင် နွားမျိုးကောင်းမျိုးသန့်များ တိုးပွားလာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသနွားမျိုးကောင်းမျိုးသန့်  လက်ဆင့်ကမ်း ဖြန့်ဖြူးခြင်း လုပ်ငန်း အား ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်၍ မတည်ငွေသိန်း (၃၀၀) ဖြင့် တောင်သူ (၇၇) ဦးအား ဒေသနွားမျိုး ကောင်း မျိုးသန့် (၇၇) ကောင် ကို ဖြန့်ဖြူးမွေးမြူစေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးခဲ့ပြီးဖြစ်သည်။ ဒုတိယအကြိမ် ဒေသခံပြည်သူများအတွက် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းအား မုဉ္ဇလီကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ တွင် သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူအသီးသီးတို့က ဒေသခံတောင်သူ ကျေးရွာသားများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း