ပခုက္ကူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံ လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်မှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြသည်။
ပထမဦးစွာ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံ ကျေးရွာရှိ တရုတ်နိုင်ငံ Hong Kong အထည်ချုပ်စက်ရုံ၏ ရုံးခွဲတစ်ခုဖြစ်သည့် Myanmar Efforts ကုမ္ပဏီအထည်ချုပ်စက်ရုံသို့ သွားရောက်ပြီး အထည်ချုပ် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်မှု အခြေအနေများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်း၊ စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး စက်ရုံဝန်ထမ်းများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေများ မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီအချိန်တွင် ပခုက္ကူစက်မှုဇုန်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ 7 Color သွပ်အမိုးပြားနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံရှိ လုပ်ငန်းပုံမှန် လည်ပတ်မှု အခြေအနေများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်း၊ အမှတ်(၅)အထည်ချုပ်စက်ရုံ(ပခုက္ကူ)ရှိ စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင် အခြေအနေများ လှည့်လည်ကြည့်ရှုပြီး စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံပြီးဆွေးနွေးခြင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာရှိ အမှတ်(၄)စက်မှု သင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းနှင့်တွေ့ဆုံခြင်းများ ကွင်းဆင်း ဆောင်ရွက်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စုတွင် ရေနံချက်စက်ရုံအသစ် တည်ဆောက် ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ တာဝန်ယူ တည်ဆောက်သည့် Suny Global ကုမ္ပဏီတာဝန်ခံ အင်ဂျင်နီယာ ဦးတင်ဦးက ရှင်းလင်း တင်ပြသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)