အမာ သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၂ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းက စာရေးဆရာ ချစ်ဦးညိုရေးသားသော "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာချစ်ဦးညို ရေးသားသော "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာ" စာအုပ်အား Book Club အသင်းအဖွဲ့ဝင် နော်ဇဲလ်မာက ဦးဆောင်ဖတ်ကြားဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက တစ်ဦးခြင်းအလိုက် မိမိတို့၏အမြင်များဖြင့် ပြန်လည်ဆွေးနွေးကြရာ၊ အဆိုပါ စာအုပ်ကို ဖတ်ရှုရခြင်းအားဖြင့် ယဉ်ကျေးမှုတိုးတက်မြင့်မားရန် အသိပညာ၊ ဗဟုသုတကြွယ်ဝရန်လိုအပ်ကြောင်းနှင့်ပတ်သက်၍ အသီးသီး အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
နော်လေး(အမာ)