ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ချိုင်းကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးရေး ကိစ္စရပ်များ ကွင်းဆင်းဆွေးနွေးဟောပြော

ရေနံချောင်း ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် ချိုင်းကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်း က ရပ်ရွာ အေးချမ်းသာယာရေး၊  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက်ဆုံး၊ ပျက်စီး၊ လှဲလှယ်ခြင်း လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ မဲပေးခွင့်မဆုံးရှုံးစေရေး အထောက်အထား ပြည့်စုံစွာဖြင့် ပြုလုပ်ထားကြ စေလိုကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ အနေဖြင့်လည်း အကြိမ်ပြည့်ရာနှုန်းပြည့် ထိုးနှံကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဌေးက ကျောင်းနေအရွယ် ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျေးရွာလုံခြုံရေး ကိစ္စရပ်များ၊ ဘာသာရေးနှင့် ပတ်သက်၍ သွေးထိုးလှုံ့ဆော်မှုများ၊ အဖျက်အမှောက်လုပ်ငန်းများ မဖြစ်ပေါ်စေရေး ပေါ်ပေါက်လာပါက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက မြို့နယ် တာဝန်ရှိသူများနှင့် အချိန်နှင့်တပြေးညီ ပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ကျေးရွာရပ်မိရပ်ဖများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးဟောပြောပွဲသို့ ချိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူး ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)