(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဖြူး    ဒီဇင်ဘာ    ၁၇

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲကို ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် ကလေးသူငယ်များ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် သမိုင်းအကြောင်း ကို အစဉ်အမြဲသိရှိပြီး မမေ့နိုင်စေရေးနှင့် သမိုင်းအကြောင်း စာအုပ်စာပေများအပြင်ဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှု လေ့လာနိုင်စေရန်အတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲဆောင်ရွက်ရာတွင်  ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းကို ရှင်းလင်း ပြောကြားရာတွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ မြန်မာပြည်လွတ်လပ်ရေးကို ကြိုးပမ်းခဲ့မှုများနှင့် နေ့ထူးနေ့မြတ်တစ်ခုအနေဖြင့်အစဉ် မမေ့အပ်စေရေး အသိပညာပေး ဟောပြော ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဖြူးမြို့မ(၁)အလကခွဲကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များက လွတ်လပ်ရေးနေ့ နှင့် ပတ်သက်သည့် သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲ အပြီးတွင် (Community Centre)ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်တို့တွင် ခင်းကျင်းပြသထားသော လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် စာအုပ်များ၊ သုတရသစာပေများ၊ စာစောင်များနှင့် ကလေးစာပေများအား ဖတ်မှတ် လေ့လာခဲ့ကြောင်း သိရသည်။

နေမျိုးလွင်