မူဆယ်မြို့၌ မဲစာရင်းများမှန်ကန်တိကျမှုရှိစေရေးအတွက် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေး

မူဆယ် ဩဂုတ် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင်းရှိ မဲဆန္ဒရှင်စာရင်းကပ်ထားမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးနှင့် မဲဖောင်းဖွမှုမရှိစေဘဲ ပြည်သူတိုင်းမဲပေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ (၃) နာရီခွဲအချိန်က ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပြည်သူလူထုများက မဲဆန္ဒရှင်စာရင်းအား လာရောက်ကြည့်ရှုမှုအခြေအနေများ၊ မဲစာရင်းတိကျမှန်ကန်မှု ရှိ/မရှိမေးမြန်းခြင်း၊ နာမည်မပါရှိသင့်သူများနှင့် ခရီးလွန်သူများကို သေချာစိစစ်မှု ရှိ/မရှိ၊ မိဘနာမည်များနှင့် မှတ်ပုံတင်နံပါတ်၊ အမည်စာရင်းများ၊ မွေးသက္ကရာဇ်စာရင်းများ အမှားအယွင်းမရှိအောင် သေချာစိစစ်ရန် (၂၀၁၅) ပြည့်နှစ်နှင့် (၂၀၂၀) ပြည့်နှစ် မဲဆန္ဒရှင်စာရင်းကွာခြားမှုများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးသည့် အခြေအနေများ၊ မဲဖောင်းဖွမရှိစေရန်နှင့် နေအိမ်ဌားရမ်းသူများကို သေချာစိစစ်သွားရန်တို့ကို မေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ပြီး အိမ်တိုင်ရာသွားရောက်၍ မဲစာရင်းနှင့် အိမ်ထောင်စုစာရင်းများ ကိုက်ညီမှုရှိ/မရှိတို့ကို မေးမြန်းစစ်ဆေးခြင်းများဆောင်ရွက်ပြီး မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို ရှင်းပြပေးသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ (၂၀၂၀)ပြည့်နှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ မဲထည့်ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းစုစုပေါင်း (၁၄၀၀၀) ရှိကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)