အထက်မင်းလှ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းနှင့် အခြေခံမဲစာရင်းပြုစုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က ယမန်နေ့ နံနက် ၉ နာရီခွဲက ကြည့်ရှု စစ်ဆေး ခဲ့သည်။
မင်းလှမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးနှင့် ပေါင်းစပ်ညှိနှိုင်း၍ အိမ်ထောင်စုဇယားပုံစံ (၆၆/၆)များ ရယူတိုက်ဆိုင် စစ်ဆေးခြင်း၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စု လူဦးရေစာရင်းများ ရယူ၍ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်း၊ နောက်ကျင်းပမည့် ရွေးကောက်ပွဲ၌ အသက်ပြည့်မီလာမည့် မဲဆန္ဒရှင်စာရင်းများအား ထပ်မံဖြည့်သွင်းခြင်း လုပ်ငန်းများကို သတ်မှတ်ရက်အပြီး ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)