ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ   ဒီဇင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း မည်သူမဆို ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိသူများမရှိစေရေး စိစစ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး ရုံးများတွင်လုံခြုံရေး ဆောင်ရွက်ထားရှိရန်နှင့် တာဝန်ထမ်းဆောင်နေချိန်အတွင်း မိမိလုံခြုံရေးနှင့် မိမိပတ်ဝန်း ကျင်လုံခြုံရေးအတွက် လစ်ဟာမှုမရှိစေဘဲ သတိပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်ဦးတို့က မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အကြမ်းဖက်မှု ဖြစ်စဉ်များဖြစ်ပွားမှု မရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် လုပ်ငန်းများကို သတိပြုဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ရာ တက်ရောက်လာသော မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)