ကြို့ပင်ကောက် ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ရှိ ဆောင်းသီးနှံမတ်ပဲစိုက်တောင်သူများ ယခုနှစ်ပဲပေါ်ချိန်တွင် ဈေးကောင်း ရရန်မျှော်လင့်လျက်ရှိကြောင်းသိရသည်။
ယခင်နှစ်က ဆောင်သီးနှံစိုက်ရာသီတွင် ရာသီဥတုဖောက်ပြန်ခြင်း၊ ဖျက်ပိုးကျရောက်ခြင်းနှင့် ဈေးကောင်းမရရှိခြင်းတို့ကြောင့် မတ်ပဲစိုက် တောင်သူများ ပဲပေါ်ချိန်အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။
ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ခြင်း၊ ဖျက်ပိုးကျရောက်မှု နည်းပါးခြင်းတို့ကြောင့် ပဲပေါ်ချိန်တွင် ဈေးကောင်းရရန်မျှော်လင့်လျက်ရှိကြောင်း ဒန့်သလွန်ကွင်းကျေးရွာ မတ်ပဲစိုက်တောင်သူ ဦးစိန်ဝင်းက ‘‘မတ်ပဲကိုလက်ရှိလောလောဆယ်(၇)ဧကစိုက်ထားတာ ပဲလေးတွေကကောင်းတယ် ပိုးသတ်ဆေးကတော့ တစ်ကြိမ်ပက်ထားပြီးပါပြီ နောက်ထပ်ပက်ရမှာတွေက အပင်အားဆေး၊ အသီးအပွင့်အားဆေး၊ ပိုးသတ်ဆေး၊ မှိုဆေးထပ်ပက်ရအုံးမယ် ဆေးဘိုးရဲ့ကုန်ကျစရိတ်ကလည်း တစ်နှစ်တစ်နှစ်ကိုမပေါ့ဘူး မနှစ်ကနဲ့စာရင် ရာသီဥတုကကောင်းတယ် အခုနှစ်ကပဲလုပ်ပြီးတော့ မိုးကြီးကြီးမမိတော့ဘူး၊ မနှစ်ကတော့ မိုးကြီးကြီးလည် မိတယ်၊ ကြွက်ကလည်းကိုက်တယ်၊ မနှစ်ကပဲမရဘူး ဒီကြားထဲ ပဲဈေးကလည်းမကောင်းတော့ရှုံးတာပေါ့ အခုနှစ်တော့ ပဲဈေးလေးကောင်း ဖို့မျှော်လင့်ရတာပေါ့’’ ဟု ပြောကြားသည်။
ကြို့ပင်ကောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက ကြို့ပင်ကောက် တစ်မြို့နယ်လုံးတွင် မတ်ပဲစိုက်ဧက ၇၅၂၅၉ ဧက၊ ပဲတီစိမ်း ၁၃၆၉ ဧကနှင့် ကုလားပဲ ၄၃၅၇ ဧက စိုက်ပျိုးထားရှိကြောင်း ဆောင်းသီးနှံများ အထွက်တိုးစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ကျေးရွာစိုက်ခင်းများထဲအရောက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဇေယျာထွန်း