ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝါးကတုတ်ဆည် ရေပေါ်လှောင်အိမ် (Cage Culture) ငါးမျိုး ထည့်ခြင်း အခမ်းအနား တက်ရောက်

ပဲခူး ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် အတူ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံ အနီးရှိ ဝါးကတုတ်ဆည်၌ ကျင်းပပြုလုပ်သည့် ရေပေါ်လှောင်အိမ် (Cage Culture) ငါးမျိုး ထည့်ခြင်း အခမ်းအနား တက်ရောက်ခဲ့သည်။

အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက  ငါးခုံးမကြီး(၂၀၀၀)ကောင်၊ တီလားပီးယား (၂၀၀၀)ကောင်တို့အား ဝါးကတုတ်ဆည် ရေပေါ်လှောင်အိမ် (Cage Culture) (၄)ကန်အတွင်းသို့ ငါးမျိုးထည့်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အခြားသော ဆည်/မြစ်ချောင်းများအတွင်း ငါးအကောင်ရေ (၁၀၀၀)ဆံ့ (၁၀)ပေ ပတ်လည်ပိုက်များဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းအား ကျယ်ကျယ်ပြန့်ပြန့် ပညာပေး လုပ်ကိုင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။

အဆိုပါ ရေပေါ်လှောင်အိမ် (Cage Culture) ဖြင့် ငါးမွေးမြူခြင်းအား ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ နမူနာပြစမ်းသပ်၍ စတင်မွေးမြူခြင်းဖြစ်ပြီး အောင်မြင်မှုရရှိပါက မွေးမြူရေး လုပ်ငန်းရှင်များအား စီးပွားဖြစ်မွေးမြူနိုင်ရေး နည်းပညာများ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘောနတ်ကြီး-ဘုရားကြီးသွားလမ်း အမြန် လမ်းမကြီး (၃၉)မိုင်အနီးရှိ လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဝင်္ဂဘော်ဆင်စခန်းသို့ သွားရောက်၍ ကြည့်ရှုခဲ့ပြီးနောက် ဆင်စခန်း ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ဆင်များ ကျန်းမာရေးကောင်းမွန်စေရေးနှင့် အစာပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကလိလမ်းဆုံမှ သမိန်ဗရမ်းလမ်းအထိ အရှည်(၁၀)မိုင် (၅)ဖာလုံရှိ ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း၊ ကလိလမ်းဆုံမှ သနပ်ပင်လမ်းဆုံ အထိ အရှည် (၆)မိုင်ထု အခြေခံလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု့အား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ဦးတိုးတိုးမှ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း၊ ကလိ၊ သနပ်ပင်၊ ဆံတော်တွင်း လမ်းပိုင်းအား Mini Budget ကာလအတွင်း သတ်မှတ်လျာထားချက်များအတိုင်း အချိန်မီပြီးစီး ရေးနှင့် သက်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)