ပိုင်ကျုံ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကာကွယ်ဆေးလာရောက် ထိုးနှံသူ မိဘ ပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း(၈)နာရီ အချိန်က Hand Speaker ဖြင့် နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မခံရ စေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး လမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစု လူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန်အတွက် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက မြန်မာ၊ ကရင် နှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)