ကမမောင်း ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ဒေသခံပြည်သူများအနေဖြင့် စားပင်သီးပင်များ ကိုအဓိထား စိုက်ပျိုးရောင်းချလျက်ရှိရာ အိမ်တွင်းဘူးပင်များစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စား၀တ်နေရေးအတွက်အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ဘူးပင်သည် ပူနွေးစွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်း ခံနိုင်သည်။ ဘူးပင်အား မြေအမျိုးအစာ မရွေး စိုက်ပျိုးနိုင်သော်လည်း မြေသြဇာထက်သန်သော နုန်းမြေအမျိုးအစားတွင် စိုက်ပျိုးပါက ပို၍အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ ဘူးဟုဆိုရာ၌ ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည် စက၊ ဘူးရှည်ဘူး ရည်မုန့်နှင့် ဘူးကျင်း စသည်ဖြင့် အမျိုးမျိုး ရှိပေသည်။ ဘူးကို များသောအားဖြင့် ကဆုန်လမှ ဝါဆိုလအထိ မိုးနှောင်း တော်သလင်းလမှ တန်ဆောင်မုန်းလအထိ စိုက်ပျိုးလေ့ ရှိပြီးထယ်ဖြင့်ထိုး၊ ထွန်ဖြင့်မွှေလျှက် လယ်ယာသီးနှံများ စိုက်ပျိုးနိုင်သကဲ့သို့ စင်တင်၍ ဥယျဉ်ခြံ စိုက်ပျိုးနည်းအရ လည်းစိုက်ပျိုးလေ့ရှိကြပါသည်။ ထို့သို့စိုက်ပျိုးလျှင် ဘူးအသား နူးညံ၍ ပိုမိုကောင်းမွန်စေပါသည်။
ဘူးစိုက်တော့မည် ဆိုပါက မစိုက်မီ ဦးစွာ အစေ့ကို ပျိုးထောင်ရသည်။ မပျိုးမှီ တစ်ညခန့်ရေစိမ် ရေစိုအ၀တ်နဲ့ထုတ်ထားပြီ ပျိုးထုပ်များအတွင်းသို့ထည့်၍ ပျိုးရာတွင် ပျိုးထုပ်အတွင်း၌ သဲ အနည်းငယ် မြေဆွေးတို့ထည့်ပြီး ပျိုးရသည်။ ရက်အနည်းငယ်ကြာလျှင် အစေ့မှ အညှောင့် ပေါက်ကာ အပင် ပေါက်စပြုလာပြီးဘူးပင်ပေါက်ကလေးများမှ ဘူးမှန်ရွက် သုံးလေးရွက်ထွက် လာသောအခါ ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရန်အတွက် စိုက်ဘောင်တစ်ခုနှင့်တစ်ခု (၁၀ပေ -၁၅ ပေခန့်)ခြားပြီး မြေပြုပြင်ကာ မြေအောက်အနက် (၆လက်မ မှ ၈လက်မ) ခန့်တွင်မြေကြီး၊ နွားချေး၊ သဲ၊ ပြာများကို ရောစပ်၍ ထည့်သွင်းပေးရသည်။ ဘောင်များအပေါ် တွင် တောင့်တင်းသော ဝါးတိုင်စိုက်၍ ဝါးလုံး ဝါခြမ်းများဖြင့် ခိုင်ခံ့အောင် စင်များကို ထိုးပေးရပါ သည်။
စိုက်ပျိုးပုံနည်းစနစ်ကောင်းမွန်လျှင် ကောင်းမွန်သလို မြေသြဇာကြွယ်၀လျှင်ကြွယ်၀သလို ဘူး ပင် တစ်ပင်လျှင် အလုံးသုံးဆယ်မှ အလုံး(၅၀) အထိ သီးနိုင်ပါသည်။ မျိုးခံလိုသောဘူးကို ထား၍ ကျန်ဘူးသီးတို့ကို အလုံးအနေအထား အလောတော်ဖြစ်လျှင် ဆွတ်ခူးရောင်းချနိုင် သည်။ အိမ်တွင်းဘူးပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစား၀တ်နေရေး အဆင်ပြေချော မွေ့၍ အပို၀င်၀င်များရရှိကြောင်းကို သီးနှံပင်စိုက်ပျိုးရောင်းချသူ ဒေါ်မူးအယ်ထံမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)