မေတ္တာ ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) လူငယ်အသင်းတို့ပူးပေါင်း၍ လူမှုမီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့်သိရှိထားသင့်သည့်အချက်များ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမေတ္တာမြို့၊ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုက လူငယ်များ လူမှုမီဒီယာအသုံးပြုမှုနှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍လူမှုမီဒီယာ၏ကောင်းကျိုးများ၊ လူမှုမီဒီယာ၏ ဆိုးကျိုးများ၊ လူမှုမီဒီယာ နှင့်ပတ်သက်၍သိရှိထားသင့်သည့်အချက်များကိုအသိပညာပေး ရှင်းလင်းဆွေး နွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်လူငယ်များကမိမိတို့သိလိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မေတ္တာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်း များကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင် များနှင့်လည်း ကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)