ကလိန်‌‌အောင်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကလိန်အောင် ဒီဇင်ဘာ ၁၇



ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်အသိ ပညာပေး နှိုးဆော်ခဲ့သည်။

အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေး များ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ ကြောင့် ပြည်သူလူထုအနေ ဖြင့်  ပြင်ပမှဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင် ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံ ခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိအနေဖြင့် ရောဂါပိုး ကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသ၍ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာလိုက်နာကြပါရန်၊ လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်