ရေကြည် ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပုသိမ်-မုံရွာလမ်းမကြီးနှင့် ဂွ-ငါးသိုင်းချောင်းလမ်းဆုံရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းကစတင်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသွားလာမှုများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးဆက်ပျံ့ပွားမှုမရှိစေရေး စစ်ဆေးဆောင် ရွက်ရာတွင် ရေနံ့သာစစ်ဆေးရေးဂိတ်မှ တာဝန်ကျကုန်းပြင်နယ်မြေရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွန့်၊ မြို့နယ် လဝကမှူး ဦးခင်မောင်ဌေး၊ ကုန်းပြင်ကျေးရွာ ကျန်းမာရေးဌာနမှ ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများစုပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်အထိ ရခိုင်ပြည်နယ်ဘက်မှ ရန်ကုန်မြို့ဘက်သို့ ဖြတ်သန်းသွားလာမည့် ခရီးသည်တင်မှန်လုံယာဉ် ၆ စီး၊ကုန်တင်ယာဉ် ၂၉ စီး၊ ကိုယ်ပိုင်ယာဉ် ၁ စီးအပါအဝင် ခရီးသည်စုစုပေါင်း ၂၂၈ ဦးကို ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်း(mask)များ စနစ်တကျတပ်ဆင်သွားလာစေခြင်းနှင့် လိုအပ်သည့်အထောက်အထားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေနံ့သာစစ်ဆေးရေးဂိတ်မှ သိရှိရသည်။
စိုးမင်းဦး၊ အောင်သူဟန်(ပြန်/ဆက်)