မင်းဘူး ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီ အချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်တို့က မင်းဘူးခရိုင်အတွင်း ယခုလက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ၊ နယ်မြေအေးချမ်း သာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီအဖွဲ့ဝင်များက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့် တက်ရောက်ပညာ သင်ကြားနေမှု အခြေအနေများ၊ ခရိုင်အတွင်းရှိ အောက်စီဂျင်စက်ရုံများ ထုတ်လုပ်လည်ပတ် နေမှုများ၊ ကာကွယ်ဆေးများကို Phase-3 ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးနေမှု၊ ထိုးနှံပြီးစီးမှုနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ဒေသခံပြည်သူများကို Phase-5 ပထမအကြိမ် ထိုးနှံပေးနေမှု အခြေအနေများ၊ ဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးအတွက် CCTV များ တပ်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ က ကိုဗစ်ကာကွယ်ဆေးကို Phase အလိုက် ပထမအကြိမ်ထိုးနှံပြီးသူများအနေဖြင့် ဒုတိယအကြိမ် မပျက်မကွက် လာရောက် ထိုးနှံနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် မကြာခဏ အသိပညာပေးနှိုးဆော်မှု များကို ဆက်လက်ဆောင်ရွက်သွားကြရန်၊ နေအိမ်ပြင်ပသွားလာရာတွင် နှားခေါင်းစည်း Mask တပ်ဆင်သွားရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားမှု အထောက်အထားများ စစ်ဆေးရေးနှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်း ဆိုင်ကယ်များ စီးနင်းသွားလာစေရေးတို့ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)