ပခုက္ကူမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးနှင့်မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး

ပခုက္ကူ  ဩဂုတ် ၂၃

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပခုက္ကူမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းမောင်နှင့်အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့များဖြစ်သည့် ဒေါ်နီနီခင်၊ ဒေါ်ခင်မာညို၊ ဒေါ်ဖြူဖြူစံ၊ ဒေါ်ဝင်းမေ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့အဖွဲ့ဝင်များလိုက်ပါကြပြီး အမှတ်(၁)၊ (၇)၊ (၉)၊(၁၂)၊ (၁၃)စသည့် မြို့ပေါ်ရပ်ကွက်များ၊ ကွန်းရွာ၊ ကျွဲတဲ၊ ချောက်ကန်၊ ကိုင်း စသည့်ကျေးရွာများအတွင်း အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ မဲစာရင်းများတိုက်ဆိုင်စစ်ဆေးကြသည်။

မဲဆန္ဒရှင်စာရင်းပါအချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများမပါရှိရေး၊ အခြားဒေသမှလာရောက်တာဝန်ထမ်းဆောင်ကြသည့်ဝန်ထမ်းများအား မဲစာရင်းတွင် မကျန်ရှိစေရေးတို့အတွက် မဲစာရင်းတွင်ပါရှိသော အချက်အလက်များနှင့် အိမ်ထောင်စုဇယားပါအချက်အလက်များကို  တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

ဆလိုင်းကိုကီး(NRDC)