ပခုက္ကူမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးနှင့်မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး

ပခုက္ကူ  ဩဂုတ် ၂၃

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပခုက္ကူမြို့နယ်၊ မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းမောင်နှင့်အတူ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့များဖြစ်သည့် ဒေါ်နီနီခင်၊ ဒေါ်ခင်မာညို၊ဒေါ်ဖြူဖြူစံ၊ ဒေါ်ဝင်းမေ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့အဖွဲ့ဝင်များ လိုက်ပါကြပြီး အမှတ်(၁)၊(၇)၊(၉)၊(၁၂)၊(၁၃)စသည့် မြို့ပေါ်ရပ်ကွက်များ၊ ကွန်းရွာ၊ကျွဲတဲ၊ချောက်ကန်၊ကိုင်းစသည့် ကျေးရွာများအတွင်း အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ မဲစာရင်းများတိုက်ဆိုင်စစ်ဆေးကြသည်။

မဲဆန္ဒရှင်စာရင်းပါအချက်အလက်များပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင် မပါဝင်သင့် သူများမပါရှိရေး၊ အခြားဒေသမှလာရောက်တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအား မဲစာရင်းတွင် မကျန်ရှိစေရေးတို့ အတွက် မဲစာရင်းတွင်ပါရှိသောအချက်အလက်များနှင့် အိမ်ထောင်စုဇယားပါအချက်အလက်များကို  တိုက်ဆိုင်စစ်ဆေးခြင်း များ ကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

ဆလိုင်းကိုကီး(NRDC)