(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ချောင်းသာ   ဒီဇင်ဘာ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က(ချောင်းသာ)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး ထိန်းသိမ်းသင့်ပုံနှင့်  လွတ်လပ်ရေး၏အနှစ်သာရ ခေါင်းစဉ်များဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉) ဦးတို့က မဲနှိုက်ရွေးချယ်ပြီး ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး အ-ထ-က(ချောင်းသာ)မှ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြသည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းသည် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် နေ့ထူးနေ့မြတ်၊ နေ့ရက်များကို အစဉ်အမြဲ သတိရနေစေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွပ်လပ်ရေး အ​ဓိပ္ပါယ်တို့ကို သိရှိလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ချောင်းသာ၊ပြန်/ဆက်)